Content feed Comments Feed

ဗန်းမော်မြို့နယ် သမိုင်းဖြစ်စဉ်

“ဗန်းမော်” ဟူသော ဝေါဟာရသည် ရှမ်းဘာသာစကား “မန်းမော်” မှ ဆင်းသက်လာသော စကားဖြစ်သည်။ မန် = ရွာ၊ မော် =  အိုး ဟုအဓိပ္ပာယ်ရသဖြင့် “အိုးလုပ်သောရွာ” ဟု ခေါ်ဆိုနိုင်သည်။

စမ္ပာနဂိုလ်မင်းဆက်ပျက်ပြီး သက္ကရာဇ် (၄၀၀) ကျော်တွင် စော်ဘွားသိုဟန်ဘွားသည် ရှေးမင်းမြတ်တို့၏ မြို့နေရာတွင် မနေ၀ံ့၍ မြို့ဆင်ခြေဖုံးဖြစ်သော ဗန်းမော်သို့ ပြောင်းရွှေ့လာခဲ့ပြီး မြို့ပြတည်ထောင်၍ အုပ်စိုးသည်။ မိုးမိတ်သမိုင်းအရ ခရစ်နှစ် (၆၈၉) ခုနှစ်တွင် စော်ဘွား စစ်ပုတ်ဖထံ လာရောက်ပြီး စော်ဘွားဆက်တောင်းခံသည်။ မိုးမိတ်စော်ဘွားက တူတော်ကြီး ခမ်းရွက်ဖအား ဗန်းမော်စော်ဘွားအဖြစ် အုပ်ချုပ်ရန် စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဗန်းမော်မြို့တွင် စော်ဘွား (၂၃) ဆက် နှစ်ပေါင်း (၃၅၀) အုပ်စိုးခဲ့သည်။


မိုးမောက်မြို့နယ် ဖြစ်စဉ် (၁)

ဗန်းမော်ဒေသတွင် စမ္ပာနဂိုရ်မင်း တိုင်းပြည်အုပ်စိုးစဉ်က သားတော်ကြီး စိတ္တရာဇာနှင့် သားတော်ငယ် ဂုတ္တရာဇာတို့ ထွန်းကားခဲ့ကာ ခမည်းတော် နတ်ရွာစံပြီးနောက် နောင်တော် စိတ္တရာဇာက ထီးနန်းကိုဆက်ခံခဲ့သည်။ ညီတော် ဂုတ္တရာဇာက တစ်ထီးတစ်နန်း တည်ထောင်ရန် ယခု မိုးမောက်တောင်ဘက် (၂) မိုင်ခန့်နေရာတွင်  မြို့တည်ခဲ့ပြီး စမ္ပာနဂိုရ်ပြည်ကို တိုက်ခိုက်နိုင်ရန် လူသူလက်နက် စုဆောင်းပြီး ပြည့်စုံသောအခါမှ ယခု မိုးမောက်တည်ရာ ကုန်းမြင့်ရွာမှ ဆက်သားစေလွှတ်၍ စစ်ယှဉ်ပြိုင်ရန် နောင်တော် စိတ္တရာဇာထံ အကြောင်းကြားခဲ့သဖြင့် ဆက်သားနေထိုင်သည့် ယခု မိုးမောက်မြို့အား ရှမ်းဘာသာစကားဖြင့် (မန်မောက်ရွာ) မြန်မာဘာသာဖြင့် (သတင်းပို့သည့်ရွာ) ဟု ခေါ်ဝေါ်ခဲ့သည်။

မိုးမောက်မြို့နယ် ဖြစ်စဉ် (၂)

(၁၇၆၅) ခုနှစ်တွင် ဆင်ဖြူရှင်မင်းလက်ထက် ဗန်းမော်မြို့ဝန်သည် ဗန်းမော်သို့ ကုန်စည်ကူးသန်းရောင်းဝယ်ရန်လာသည့် တရုတ်ကုန်သည်များအား ဗန်းမော်သို့ တိုက်ရိုက်ဝင်ခွင့်မပြုဘဲ ယခုမိုးမောက်တည်ရှိရာ ရွာငယ်၊ ရှမ်းဘာသာဖြင့် “ပန်းကော်စခန်း”၊ မြန်မာဘာသာဖြင့် (သစ်အယ်ပင်စခန်း) မှ တစ်ထောက်ရပ်နား သတင်းပို့စေခြင်းကြောင့် “သတင်းပို့သည့်ရွာ” ကို ရှမ်းဘာသာဖြင့် “ဗန်းမောက်ရွာ” ဟုခေါ်ဝေါ်ခဲ့ကြောင်း ရွာ၏အရှေ့ဘက်တွင် ချောင်းတစ်ခုစီးဆင်းပြီး ရွာသားများ လယ်ယာစိုက်ခင်းများ လုပ်ကိုင်ကြရာတွင် ယင်းချောင်းမှရေကို ၀ါးရေတံလျှောက်ဖြင့် သွယ်ယူအသုံးပြုခဲ့သဖြင့် ၀ါးရေတံလျှောက်ကို အစွဲပြု၍ ရှမ်းဘာသာဖြင့် “နန့်မောက်ချောင်း” ဟု ခေါ်ဝေါ်ခဲ့သည်။

နယ်ချဲ့အင်္ဂလိပ်တို့အား တွန်းလှန်စစ်ဆင်နွှဲရာတွင် ရွှေဘိုဒေသမှ ဗမာတိုင်းရင်းသားတို့သည် နယ်ချဲ့ကို တွန်းလှန်ရှောင်တိမ်းရင်း “မန့်မိန်းမောက်ရွာ” သို့ ရောက်ရှိ နေထိုင်ခဲ့ကြောင်း၊ ဗမာတို့က ရှမ်းဘာသာ “မန့်မိန်းမောက်” ကို ဗမာသံဖြင့် “မိုးမောက်” ဟု ခေါ်ဆိုကြရာမှ ယနေ့တိုင် “မိုးမောက်” ဟု ခေါ်ဝေါ်ခဲ့ကြကြောင်း သိရှိရပါသည်။

မိုးမောက်မြို့နယ် ဖြစ်စဉ် (၃)

မိုးမောက်သည် ယခင်က ဗန်းမော်ခရိုင် ဗန်းမော်မြို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ စိန်လုံကျေးရွာကို (၁၉၀၃) ခုနှစ်တွင် တောင်တန်းမြို့အဖြစ် သတ်မှတ်၍ (၂၄-၆-၁၉၄၇) ခုနှစ်အထိ အင်္ဂလိပ်တောင်တန်းဝန်ထောက် (၅)ဦးအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းနောက်ပိုင်း (၃၀-၉-၁၉၆၅) နေ့ထိ တိုင်းရင်းသားတောင်တန်းဝန်ထောက် (၁၃) ဦးဖြင့် စိန်လုံတောင်တန်းမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ (၂-၃-၁၉၆၂) နေ့မှစ၍ တော်လှန်ရေးကောင်စီ ပေါ်ပေါက်ခဲ့ရာ စိန်လုံမြို့အား တောင်တန်းမြို့အဖြစ် ဆက်လက်တည်ရှိစေရန် ရည်ရွယ်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း နယ်မြေမအေးချမ်းခြင်း၊ လူဦးရေနည်းပါးခြင်း၊ စီးပွားရေးအချက်အချာ မကျခြင်းတို့ကြောင့် (၁-၁၀-၁၉၆၅) နေ့တွင်  စိန်လုံတောင်တန်း ၀န်ထောက်ရုံးအား မိုးကောင်းမြို့သို့ ပြောင်းရွှေ့၍ ရုံးဖွင့်လှစ်ခဲ့ပါသည်။

ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၂၇-၇-၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၅၃) ဖြင့် မိုးမောက်ရွာအား မိုးမောက်မြို့နယ်ခွဲ၊ စိန်လုံမြို့နယ်ခွဲ၊ မြို့သစ်မြို့နယ်ခွဲ နှင့် ဒေါဖုန်းယန်မြို့နယ်ခွဲများ အဖြစ် ဖွဲ့စည်းပေးခဲ့ပါသည်။

မိုးမောက်မြို့နယ်မှ ပင်လုံညီလာခံ ကိုယ်စားလှယ်များ ဒူဝါဇော်လောန် (ပန်ဟုတ်ရွာဇာတိ) ပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးခဲ့သူ ဒူဝါဇော်လ (လော့ဒန်ရွာဇာတိ) နှင့် ပင်လုံညီလာခံ တက်ရောက်ခဲ့သူ ဆရာကြီး ဦးမရန်လ (စိန်လုံးဇာတိ) တို့ ပါဝင်ခဲ့ကြပါသည်။

ဗိုလ်မှူးချုပ် လဇွန်တန်ဂျီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင် ဦးလဇွန်ထန်၊ ယခင် စစ်တက္ကသိုလ် ကျောင်းအုပ်ဟောင်း နိုင်ငံတော် ကောင်စီဝင်ဟောင်း အငြိမ်းစား ဗိုလ်မှူးကြီး ဦးလဖိုင်ခွန်နော်၊ ကချင်ပြည်နယ် ဒေသပါတီကော်မတီ ဥက္ကဌ ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန်၊ ကချင်ပြည်နယ်ဝန်ကြီးဟောင်း ဒူဝါလ၀မ်လီ၊ ဗိုလ်ကြီး လဗျလ၊ အငြိမ်းစား သန်းခေါင်စာရင်း မင်းကြီး ဦးရှမ်းလွမ်း၊ ကချင်ပြည်နယ်ဒေသပါတီ ကော်မတီအတွင်းရေးမှူး ဦးလအုန်းယော်၊ ဆရာကြီး ဦးကရိန်တန် တို့မှာ ထင်ရှားသော မိုးမောက်မြို့နယ်သားများ ဖြစ်ကြပါသည်။

ရွှေကူမြို့နယ် ဖြစ်စဉ်သမိုင်း

ရွှေကူမြို့သည် သမိုင်းတွင်ထင်ရှားခဲ့သော မြို့တစ်မြို့ဖြစ်သည်။ ပုဂံခေတ်တွင် အနော်ရထာမင်းကြီးသည် ပုဂံနိုင်ငံတော် ကမ္ပဒီပတိုင်းနှင့် ကမ္ဘောဇတိုင်းကို သီးခြားဖြစ်စေရန် ကင်းမြို့ (၄၃) မြို့ကို တည်ထားခဲ့ရာ ရွှေကူသည် ကင်းမြို့တစ်မြို့အဖြစ် ထင်ရှားခဲ့သည်။
တန်ခိုးကြီး ရွှေပေါ်ကျွန်းဘုရားကို အကြောင်းပြု၍လည်းကောင်း၊ မွန်ဂိုကျူးကျော်မှု၊ မန်ချူးကျူးကျော်မှု၊ တွန်းလှန်တိုက်ပွဲတို့ကို ချီတက်ရာတွင် ရွှေကူမြို့သည် အထောက်အကူစခန်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။ ရွှေကူမြို့နေရာသည် လူနေဒေသအဖြစ် စတင်ဖြစ်ပေါ်လာသည်မှာ ဘီစီ (၂၆၀) ခုနှစ်တွင်ဖြစ်ကြောင်း အထောက်အထားများ၌ တွေ့ရှိရသည်။

ရွှေကူမြို့ဟုခေါ်ဆိုရခြင်းမှာ မော်လမြိုင်တောရပ်မှဂူ၊ မန်ပိန်းဂူ လွင်ပြင်မှဂူ၊ တောပုန်းရွာ ဂူကုန်းကြီးမှ ဂူ ဟူသော ဂူသုံးဂူတို့ကိုအကြောင်းပြု၍ ရွှေဂူဟု ခေါ်ဆိုခဲ့ကြောင်းကို မန်လည်ဆရာတော်ဘုရား ရေးသားတော်မူခဲ့သော ၀ါဆိုသိမ်ကျောင်းအဆိုအရ သိရှိရသည်။

ရွှေကူမြို့သည် ယခင်အခါက မိုးမိတ်၊ မိုးကောင်း၊ ဗန်းမော်၊ သုံးပြည်ထောင်နယ်စပ်တွင်ဖြစ်ပြီး ချောက်တို့ကိုဖို့၍ ခံတပ်မြို့ တည်ဆောက်ခဲ့သည်။ ခံတပ်ကိုရုပ်သိမ်းသွားသောအခါ ရှမ်းတို့က “မိန်ကူ” ဟူ၍လည်းကောင်း၊ “ဝှေကူ” ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ရှမ်းဘာသာတွင် “ဝှေ” ၏ အဓိပ္ပာယ်မှာ “ချောက်” ဖြစ်ပြီး၊ “ကူ” = ရုပ်သိမ်းခြင်းဟု အဓိပ္ပာယ်ရသဖြင့် “ချော်ကိုဖို့၍ ခံတပ်ရုပ်သိမ်းရာနေရာ” ဟု ဆိုလိုသည်။ “ဝှေကူ” ဟူသော ရှမ်းစကားမှ ရွှေကူဟု ပြောင်းလဲခေါ်ဝေါ် လာကြသည်ဟု လည်းကောင်း၊  ရွှေပေါ်ကျွန်းဘုရားသမိုင်းတွင် ဖော်ပြထားသည်။

မြို့တည်စဉ်က ငွေကြေးမလုံလောက်မှုကြောင့် နယ်ရှင်စော်ဘွားတို့က မြန်မာမင်းအား ရွှေအခွန်တော် ဆက်သွယ်ကူညီရသောကြောင့် ရွှေကူဟု ခေါ်တွင် လာသည်ဟူ၍လည်းကောင်း၊ ရွှေကူမြို့အထက် ရွှေပေါ်ကျွန်းမှ အရောင်အဆင်းတောက်ပပြီး အုန်းသီးလုံးအရွယ်ပမာဏရှိသော ရွှေလုံးကြီးတစ်လုံးသည် ဧရာဝတီမြစ်ကို ဖြတ်ကျော်လျက် ရွှေကူမြို့ တည့်တည့်ဘက်သို့ မကြာခဏကူးတတ်လာသည်ကို အကြောင်းပြု၍ “ရွှေကူမြို့” ဟူ၍ ဖြစ်ပေါ်လာသည်ဟူ၍လည်းကောင်း မှတ်တမ်း၌ တွေ့ရှိရသည်။

ပုဂံခေတ် အနော်ရထာမင်းလက်ထက် မြန်မာသက္ကရာဇ် (၃၉၇) ခုနှစ် တပေါင်းလဆန်း (၁၂) ရက်နေ့တွင် ကင်းတပ်မြို့ (၄၃)မြို့ကို တည်ဆောက်ခဲ့ရာ ရွှေကူမြို့လည်း ကင်းတပ်အဖြစ်ပါဝင်ခဲ့သည်။ မြန်မာသက္ကရာဇ် (၁၁၁၅) ခုနှစ်တွင် နန္ဒပေါ်ထင်ဘွဲ့ခံ စက္ကဗလအမည်ရ ငမန်ထွေးသည် ရွှေကူမြို့ကို အလောင်းမင်းတရားကြီးထံမှ ခြားနားခဲ့သည်။ (၁၁၄၃) ခုနှစ် ပဒုံမင်းလက်ထက် သားတော် မင်းရဲကျော်စွာအား ရွှေကူမြို့ကို အပိုင်စားစေခဲ့သည်။

(၁၈၈၅)ခုနှစ် ဒီဇင်ဘာလတွင်  ရွှေကူမြို့သို့ ဗြိတိသျှတပ်များ ၀င်ရောက်ခဲ့ကြသည်။ (၁၈၈၇)ခုနှစ်တွင် ရွှေကူမြို့ကို ခရိုင်ခွဲသတ်မှတ်ပြီး အုပ်ချုပ်ခဲ့ရာ ပထမဆုံး ခရိုင်ခွဲဝန်ထောက်အဖြစ် အုပ်ချုပ်ခဲ့သူမှာ မစ္စတာဘလိုနေ ဖြစ်သည်။

(မှတ်ချက်။ ။ ဒေါ်ခင်သိန်း၊ ပါမောက္ခ၊ မြန်မာစာဌာန၊ မြစ်ကြီးနားတက္ကသိုလ်မှ ဦးစီးပြုစုသည်။)

 မြစ်ကြီးနားအွန်လိုင်းမှဖော်ပြသည် ။

0 Responses to ဗန်းမော်၊ မိုးမောက်၊ ရွှေကူ သမိုင်းဖြစ်စဉ်

Post a Comment

Powered by Blogger.

Blog Archive

Followers

About Us

wunpawngnewsgroup
View my complete profile